menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ကွန်ပျူတာသုံးစွဲသူများအတွက် ကျန်းမာရေးဆိုင်ရာ

ကွန်ပျူတာသုံးစွဲသူများအတွက် ကျန်းမာရေးဆိုင်ရာ

+++++++++++++++++++

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးထိခိုက်မှု မရှိအောင် ဆောင်ရွက်မှုဟာ အရေးကြီးပါတယ်။ ကာယလုပ်သားတွေ၊ စက်ရုံဝန်ထမ်းတွေမှ မဟုတ်ပါဘူး။ လုပ်ငန်းခွင်အန္တရာယ် သိပ်မရှိလှဘူးလို့ ထင်ရတဲ့ ဉာဏလုပ်သားတွေထဲမှာလည်း မထင်မှတ်ဘဲ ကျန်းမာရေးထိခိုက်ဆိုးဝါးတာမျိုး ဖြစ်စေတတ်ပါတယ်။

တခြားလုပ်ငန်းခွင်တွေထက်စာရင် ကွန်ပျူတာသုံးစွဲ လုပ်ကိုင်နေရသူတွေဟာ သက်သောင့်သက်သာထိုင်ပြီး လုပ်နေတာပဲ။ လုက်ငန်းခွင်ထိခိုက်မှုကို သိပ်ပြီးဂရုစိုက်စရာမလိုဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာ စွဲစွဲမြဲမြဲ လုပ်ကိုင်ရလေ့ရှိတဲ့ စာစီစာရိုက်တဲ့ လုပ်ငန်းမျိုးတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လေ့ရှိလို့ ကျန်းမာရေးထိခိုက်မှု ကင်းဝေးစေဖို့အတွက် ကီးဘုတ်ရဲ့ ဒီဇိုင်း ပြောင်းလဲတာမျိုး၊ စားပွဲကုလားထိုင်တွေကို အနိမ့်အမြင့် ချိန်လို့ရအောင် ဒီဇိုင်းလုပ်တာမျိုး အလေးထားဆောင်ရွက်လာပါတယ်။ အဲဒီလိုကျန်းမာရေးထိခိုက်တာကနေ ကင်းဝေးအောင်နဲ့ အလုပ်လုပ်ကိုင်ရတာ သက်သောင့်သက်သာရှိအောင် ဆောင်ရွက်တဲ့ လုပ်ငန်းကို Ergonomic လို့ ခေါ်ပါတယ်။


ကီးဘုတ်အသုံးပြုတာ အနေအထားမမှန်ခဲ့ရင် လက်ကောက်ဝတ်မှာရှိတဲ့ နာဗ်ကြောတွေ ထိခိုက်မှုဖြစ်စေပြီး ကိုက်ခဲနာကျင်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ ၁၀-စုနှစ်အတွင်း လုပ်ငန်းခွင်မှာ ကွန်ပျူတာ သုံးစွဲမှုတွေ များလာတာနဲ့အမျှ ကွန်ပျူတာကို အချိန်ပြည့်လုပ်ကိုင်နေရတဲ့ ဝန်ထမ်းဦးရေဟာလည်း များလာပါတယ်။ ကုမ္ပဏီအများစုကတော့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပဲ အလေးထားဆောင်ရွက်နေပါတယ်။


အလုပ်တမျိုးတည်းကို ကြိမ်ဖန်များစွာ ဆောင်ရွက်ရတဲ့ စက်ရုံအလုပ်သမားတွေမှာ Repetitives Stress Injuries (RSI) ဖြစ်လေ့ရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ RSI ဖြစ်တဲ့သူတွေ ကုသစရိတ်ဟာ တနှစ်ကို ဒေါ်လာ ခုနှစ်ဘီလီယံလောက် သုံးစွဲရလေ့ရှိတာကို တွေ့ရပါတယ်။ သေသေချာချာ တွက်ချက်ကြည့်တော့မှ ဆေးကုသမှုခံယူလို့ ကုန်ကျတဲ့စရိတ်ဟာ မနည်းတာကို တွေ့ရမှာပါ။


ကွန်ပျူတာလုပ်ငန်းခွင်===

သင့်ရဲ့ ကွန်ပျူတာလုပ်ငန်းခွင်မှာ ကွန်ပျူတာနဲ့ ကွန်ပျူတာစားပွဲ၊ ကုလားထိုင် စတာတွေအားလုံးကို အဆင်ပြေအောင် ထားပေးရပါမယ်။ ဒါမှ အလုပ်လုပ်ကိုင်ရတာ သက်သောင့်သက်သာရှိမှာဖြစ်ပြီး ကျန်းမာရေး ထိခိုက်မှုကနေ ကာကွယ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်။


ကွန်ပျူတာသုံးစွဲသူ တော်တော်များများဟာ ကွတ်ပျူတာအတွက် ငွေကုန်ကြေးကျခံပြီး ဝယ်ယူပေမယ့် ကွန်ပျူတာ ထားသိုမှုကတော့ ဂရုတစိုက်လုပ်ဆောင်လေ့ မရှိကြတာ များပါတယ်။ ကွန်ပျူတာသုံးစွဲသူတွေ ကျန်းမာရေးဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အလေးထားစစ်တမ်းတွေ ကောက်ယူပြီးမှ အကြံပေးထားတာဖြစ်လို့ လိုက်နာဆောင်ရွက်တာ မမှားပါဘူး။


ကွန်ပျူတာသုံး စားပွဲတွေ၊ ဆုံလည် ကုလားထိုင်တွေ ဝယ်မှမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ စားပွဲကိုပါ ခြေထောက်တိုပစ်တာမျိုး၊ အုတ်ခဲခု သုံးတာမျိုး လုပ်လို့ရပါတယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်ရတာ အဆင်မပြေလို့ လက်သမားခေါ်ပြုပြင် သုံးစွဲခဲ့ရင်လည်း ကွန်ပျူတာစားပွဲသစ် ဝယ်ယူတာလောက်တော့ ကုန်ကျစရိတ်ရှိမှာ မဟုတ်ပါဘူး။


အခု ဆောင်းပါးထဲမှာတော့ ပစ္စည်းတွေထားသိုဖို့ ကွန်ပျူတာသုံးစွဲနေတဲ့အချိန်မှာ ထိုင်သင့်တဲ့ ကိုယ်ဟန်အနေအထား၊ အလေ့အကျင့်တွေပေါ်မူတည်ပြီး နေရာထားသိုမှု စတဲ့အချက်တွေကို အကြံပြုရေးသားပါမယ်။


ကီးဘုတ်၊ မောက်စ်နဲ့ တခြား Pointing Device များ နေရာချထားခြင်း===

ကီးဘုတ်နဲ့ မောက်စ်တွေကို သုံးစွဲတဲ့အခါမှာ လက်မောင်းနဲ့ လက်ချောင်းလေးတွေ သက်သောင့်သက်သာ ရှိမယ့် သဘာဝအနေအထားဖြစ်အောင် ထားပေးရပါမယ်။ သင့်ရဲ့ လက်ဖျံနဲ့တံတောင်ဟာ ကြမ်းပြင်နဲ့ တပြေးတည်း ရှိရပါမယ်။ ကီးဘုတ်နေရာထားတာ အဆင်မပြေရင် ကျန်းမာရေးထိခိုက်ပြီး လက်ကောက်ဝတ် ကိုက်ခဲတာမျိုး ဖြစ်ပါလိမ့်မယ်။


* အလုပ်လုပ်ဖို့ နေရာရွေးပါ။

ကွန်ပျူတာ အစိတ်အပိုင်းတွေနဲ့ တခြားထည့်သွင်းတပ်ဆင်ပစ္စည်းတွေ ထားရှိဖို့ လုံလောက်တဲ့နေရာ ဖြစ်ရပါမယ်။

* ကီးဘုတ်ကို သင့်ရဲ့ရှေ့တည့်တည့်မှာ တိုက်ရိုက်ထားပါ။ ရှေ့တည့်တည့်မှာထားတဲ့အတွက် သင့်ပခုံးနဲ့ လက်မောင်းဟာ စာရိုက်ရာမှာ လွတ်လွတ်လပ်လပ် ရှိနေပါလိမ့်မယ်။

* သင့်ရဲ့ ကုလားထိုင်နဲ့ စားပွဲဟာ နိမ့်လို့ မြင့်လို့ ရတဲ့စားပွဲ၊ ကုလားထိုင်မျိုး မဖြစ်ခဲ့ရင် အနိမ့်အမြင့်ချိန်ပေးပါ။ သင့်ရဲ့ လက်ဖျံနဲ့ လက်မောင်းဟာ ၉၀-ဒီဂရီ ရှိနေပါစေ။

* သင့်လက်ကောက်ဝတ်ကို သိပ်ပြီးကွေးကောက်မနေအောင် ဂရုစိုက်ပါ။

* သင့်ပခုံးကိုလည်း ကိုယ်လိုအပ်ခဲ့ရင် ကီးဘုတ်မှာ လက်တင်ဖို့ ပြုလုပ်ထားတဲ့ ပစ္စည်းကိုဝယ်ယူသုံးစွဲပါ။


Mouse ကိုင်တွယ်ထားရှိရန် လမ်းညွှန်ခြင်း===

*လိုအပ်ခဲ့ရင် Keyboard မှာ လက်တင်ဖို့ ပြုလုပ်ထားတဲ့ဟာကို ဝယ်ယူသုံးစွဲပါ။

* Mouse ကို ကိုင်တွယ်ရာမှာ ရွှေ့ဖို့နေရာ လုံလောက်အောင် ထားပါ။

* Mouse ကို ရွှေ့ရာမှာ လက်ဖနောင့်ကို စားပွဲပေါ်တင်ထားပြီး လက်ညှိုးကိုး Mouse ရဲ့ ဘယ်ဘက် Button ပေါ်မှာ လက်ခလယ်ကို Mouse ရဲ့ ညာဘက်က Button ပေါ်မှာ အုပ်ပြီး ခပ်ဖွဖွကိုင်တွယ်ပါ။


Monitor ကို နေရာချထားခြင်း===

* Monitor ကို ရှေ့တည့်တည့်ကြည့်ရတာ အဆင်ပြေမယ့် အကွာအဝေးမှာ ထားပြီး သင့်တော်တဲ့ အမြင့်မှာ ထားမယ်ဆိုရင် မျက်စိကိုက်တာ၊ ဇက်ကြောတက်တာ၊ ပခုံးကိုက်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါမယ်။

* Monitor Desktop ကွန်ပျူတာပေါ်မှာ တင်ထားလို့ သိပ်ပြီး မြင့်နေရင် Desktop ကွန်ပျူတာကို တခြားသင့်တော်တဲ့ နေရာမှာထားပါ။

* Monitor ထားတဲ့နေရာဟာ အလင်းပြန်မယ့်နေရာ၊ အလင်းရောင် စူးရှတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။

* သင့်ရဲ့ Monitor အမြင့်ဟာ မျက်စိနဲ့တတန်းတည်း၊ ဒါမှမဟုတ် သူ့ထက်နိမ့်အောင်ထားပါ။ ဒါမှ သင်ကြည့်ရတာ အဆင်ပြေပါလိမ့်မည်။

* သင့်ရဲ့ Monitor ဟာ ရှေ့နောက်၊ ဘယ်ညာ လှည့်လို့ရတဲ့ အမျိုးအစားဖြစ်ခဲ့ရင် နောက်ဘက်ကို နည်းနည်းလှန်ထားပါ။ ဒါမှ စူးစိုက်ကြည့်ရတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

* အလင်းအမှောင်၊ ပြတ်သားမှု၊ အရောင်တောက်ပမှု စတဲ့ ခလုတ်လေးတွေကို အသုံးပြုပြီး စာတွေ၊ ပုံတွေ၊ အရောင်တွေ ကြည်လင်ပြတ်သားအောင် ချိန်ထားပြီးမှ သုံးစွဲပါ။

* စာရွက်ညှပ်ဖို့ Holder တွေ၊ ကလစ်တွေ အသုံးပြုခဲ့ရင် Monitor နဲ့ တတန်းတည်း ထားပါ။

* Glass Filter သုံးစွဲဖို့လိုအပ်ခဲ့ရင် သင့်တော်တဲ့ အမျိုးအစား ဝယ်ယူပါ။


အသုံးအဆောင် ပရိဘောဂများ ထားရှိခြင်း===

ပရိဘောကတွေကို သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင် ထားပါ။

သင့်ရဲ့စားပွဲနဲ့ ကုလားထိုင်ကို နှိမ့်လို့ မြင့်လို့ရခဲ့ရင် သင့်ရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီအောင် အနိမ့်အမြင့်ချိန်ပါ။ သေသေချာချာ ချိန်ညှိထားခဲ့ရင် အလုပ်လုပ်ရာမှာ ပိုပြီးသက်သောင့်သက်သာ ရှိစေတဲ့အပြင် ထိုင်ရတဲ့အနေအထားလည်း ပိုမှန်စေပါတယ်။


သင့်ရဲ့ထိုင်ခုံဟာ သင့်တော်တဲ့အမြင့်မှာရှိနေပါစေ။ လက်ဖျံ၊ ဒူး၊ ပေါင်တို့ဟာ ကြမ်းပြင်နဲ့ တတန်းတည်း ရှိနေပါစေ။

သင့်ထိုင်ခုံက မြင့်နေခဲ့ရင် ခြေတင်တဲ့ခုံတွေ သုံးနိုင်ပါတယ်။

မကြာခဏအသုံးပြုရတဲ့ ပစ္စည်းတွေကို လက်လှမ်းမီတဲ့နေရာမှာ ထားပါ။


အလင်းရောင် ချိန်ညှိခြင်း===

* သင် အလုပ်လုပ်ကိုင်ရာမှာ အခန်းရဲ့ အလင်းအမှောင် ချိန်ညှိပေးတာဟာ အဓိကကျပါတယ်။

* ဖြစ်နိုင်ရင် သင့်ရဲ့ ပစ္စည်းတွေကို ဒါမှမဟုတ် အလင်းရောင်ပေးတဲ့ မီးချောင်းတို့၊ ပြူတင်းပေါက်တို့ကို အလင်းမပြန်တဲ့ နေရာမျိုးဖြစ်အောင် ထားရှိပါ။

* ကွန်ပျူတာထားတဲ့ နေရာနားမှာ ပြူတင်းပေါက်ရှိခဲ့ရင် လိုက်ကာတို့၊ ပလပ်စတစ် ခန်းဆီးတို့ တပ်ထားပါ။

* Monitor ကို ပြူတင်းပေါက်နဲ့ မျက်နှာချင်းဆိုင် မထားဘဲ ဘေးတိုက်ထားပါ။ ဒါမှ ပြူတင်းပေါက်က နေထိုးတဲ့အလင်းရောင်ဟာ ဖန်သားပြင်ကို တိုက်ရိုက်မကျဘဲ အလင်းပြန်တာ နည်းပါလိမ့်မယ်။

* Monitor ထားတဲ့နေရာဟာ မီးချောင်းနှစ်ချောင်းကြားမှာ ထားပါ။ ဒါမှ မျက်စိစူးတာ သက်သာပါလိမ့်မယ်။ သင့်မျက်စိကို ဂရုစိုက်ပါ။

* ကွန်ပျူတာကို အချိန်ကြာကြာ သုံးစွဲလေ့ရှိရင်တော့ မျက်စိကိုက်တာတို့၊ ယားယံတာတို့ အနည်းနဲ့အများ ဖြစ်ပါလိမ့်မယ်။

* မကြာခဏ မျက်စိကို အနားပေးပါ။ ကွန်ပျူတာကို အချိန်အကြာကြီး ဆက်တိုက်မသုံးစွဲဘဲ မကြာခဏ နားပါ။

* မျက်မှန်၊ မျက်ကပ်မှန်ကို သုံးနေရတဲ့သူ ဖြစ်ရင် မျက်မှန် မျက်ကပ်မှန်တွေကို သန့်ရှင်းအောင် အမြဲဂရုစိုက်ပါ။

* ကွန်ပျူတာ ဖန်သားပြင်ကို သန့်ရှင်းအောင် ထားပါ။

* Glass Filter ကို သုံးစွဲခဲ့ရင် သူ့ရဲ့ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပါ။

* မျက်စိကျွမ်းကျင်သူများနဲ့ အမြဲပြသစစ်ဆေးပါ။


နေ့စဉ် အလုပ်လုပ်ကိုင်လေ့ရှိတဲ့ အမူအကျင့်များ===

ကွန်ပျူတာပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ အလင်းရောင်ချိန်ညှိပေးတာတွေဟာ သင့်ရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အပြင် သင် နိစ္စဓူဝလုပ်ဆောင်လေ့ရှိတဲ့ အမူအကျင့်တွေဟာလည်း သင့်ရဲ့ ကျန်းမာရေး အဆိုးအကောင်းကို အကျိုးသက်ရောက်မှုအများကြီး ရှိစေပါတယ်။ သင် နေ့စဉ် လုပ်ကိုင်နေတဲ့ အမူအကျင့်တွေကို ပြုပြင်မှသာ အလုပ်လုပ်ကိုင်ရာမှာ အဆင်ပြေစေမှာပါ။


အလုပ်လုပ်ရာမှာ သက်သောင့်သက်သာ ဖြစ်အောင်၊ ပုံမှန်အနေအထားဖြစ်အောင် ဂရုစိုက်ပါ။

တနေကုန် ပုံစံတမျိုးတည်း ထိုင်မယ့်အစား သက်သောင့်သက်သာရှိမယ့် အနေအထားရှိအောင် ပုံစံအမျိုးမျိုး ပြောင်းထိုင်ပါ။


စာစီစာရိုက်တာမျိုးကို အားသွန်ခွန်စိုက် အချိန်အကြာကြီး ဆက်တိုက်မရိုက်ပါနဲ့။

ဆက်တိုက်အလုပ်လုပ်နေခဲ့ရင် မကြာခဏ ထပြီး လမ်းလျှောက်တာမျိုး၊ အာရုံပြောင်းပစ်တာမျိုး လုပ်ပါ။

အချိန်ကြာကြာ အကြိမ်နည်းနည်း အနားပေးမယ့်အစား အချိန်တိုတို မကြာခဏ အနားပေးပါ။


ကွန်ပျူတာသုံးစွဲသူတွေအတွက် ကျန်းမာရေးထိခိုက်မှု မရှိရအောင် ဆောင်ရွက်ရမယ့် အချက်တွေကို ရေးသားတင်ပြပြီးပါပြီ။ ဂရုတစိုက် လိုက်နာဆောင်ရွက်ရင် အန္တရာယ်ကင်းကင်းနဲ့ လုပ်ငန်းဆောင်ရွက်နိုင်ပါ လိမ့်မယ်။

No comments: